ဝက်ခြံရှိနေရင် အလှကုန်ဘယ်လို ရွေးရမလဲ
ဝက်ခြံဟာ အရွယ်ရောက်ပြီးတဲ့ ကျားမမရွေးကို အလှပျက် စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာပါ။ မတတ်သာပေမယ့် ဝက်ခြံပေါက်ချင်တဲ့သူ၊ ဝက်ခြံပေါက်တာကို စိတ်အနှောင့်အယှက် မဖြစ်တဲ့သူ ဘယ်သူမှ ရှိမယ်မထင်ပါဘူး။ နာကျင်ပြီး ရောင်ရမ်းနီရဲ ပြည်တည်ချင်နေတဲ့ ဝက်ခြံတွေ ရှိနေရင် ပိုဆိုးမှာပေါ့။
ဝက်ခြံပေါက်တဲ့အခါ ဝက်ခြံအတွက် သင့်တော်တဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်သုံးစွဲကြတာ ဓမ္မတာပါပဲ။ အရွေးမှာတဲ့အခါ ဝက်ခြံက ပိုမိုးဆိုးဝါးလာတာမျိုး ဖြစ်မှာလည်း ကြောက်ရပါသေးတယ်။
ဒါကြောင့် ဝက်ခြံအတွက် ဘယ်လိုပါဝင်ပစ္စည်းတွေနဲ့ အလှကုန်တွေကို ရွေးချယ်သင့်တယ်ဆိုတာ ပြောပြမယ်နော်။
1. Benzoyl peroxide
Benzoyl peroxide ကို ဝက်ခြံအတွက် တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ သူက ဘက်တီးရီးယားတွေကို သေစေပြီး မွှေးညင်းပေါက်တွေထဲက အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို သန့်ရှင်းပေးလို့ ဝက်ခြံကြောင့် နီရဲရောင်ရမ်းတာတွေ သက်သာပြီး ဝက်ခြံ နောက်ထပ်မထွက်အောင်လည်း တားဆီးပေးပါတယ်။ Benzoyl peroxide ကို ခရင်မ်၊ ဂျယ်လ်၊ လိုးရှင်း၊ မျက်နှာသစ်ဆေး၊ ဆပ်ပြာ စသဖြင့် ပုံစံအမျိုးမျိုးမှာ ထည့်သွင်းထုတ်လုပ်တတ်ကြပါတယ်။
Benzoyl peroxide ရဲ့ မကောင်းတဲ့အချက်က အရောင်ကျွတ်တဲ့ အာနိသင်ရှိတာပါ။ ဆံပင်နဲ့ အဝတ်အစားတွေရဲ့ အရောင်တွေကို ကျွတ်စေတဲ့ သတ္တိရှိပါတယ်။
2. Alpha hydroxy acids (AHA)
AHA ဟာလည်း ဝက်ခြံအတွက် ထုတ်လုပ်တဲ့ အလှကုန်တွေမှာ တွေ့ရတတ်တဲ့ နာမည်ကြီးပါဝင်ပစ္စည်း တစ်ခုပါပဲ။ AHA က ဆဲလ်သေတွေဖယ်ရှားပြီး ရောင်ရမ်းတာတွေကို လျှော့ချပေးပါတယ်။ ဆဲလ်အသစ်တွေ မွေးဖွားဖို့ လှုံ့ဆော်ပေးခြင်းဖြင့် ဝက်ခြံအမာရွတ်တွေကိုလည်း သက်သာစေပါတယ်။
AHA ကို peeling လို့ခေါ်တဲ့ ဆဲလ်သေတွေ ကွာကျစေတဲ့အလှကုန်တွေမှာ
ထည့်သွင်း အသုံးပြုကြလေ့ရှိပါတယ်။ ပြင်းအား 10 % အထက်ကို အသုံးပြုရင် နီရဲရောင်ရမ်းတာ၊ ယားယံတာ၊ ယောင်လာတာ၊ အသားအရေအရောင်ပြောင်းလာတာ စတဲ့ဆိုးကျိုးတွေ ရှိတတ်လို့ ပြင်းအားများတာကို အရေပြားအထူးကုဆရာဝန် ညွှန်ကြားမှသာ သုံးသင့်ပါတယ်။
3. Salicylic acid
Salicylic acid ဟာလည်း ဝက်ခြံအတွက် ထုတ်လုပ်ထားတဲ့ အလှကုန်တွေမှာ အများအားဖြင့် ပါဝင်တတ်တဲ့ ဆရာဝန်ညွှန်ကြားချက် မလိုဘဲ သုံးလို့ရတဲ့ ပါဝင်ပစ္စည်း တစ်ခုဖြစ်ပါတယ်။ Salucylic acid က ဂျီးချွတ်တဲ့ အာနိသင်ရှိပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ မွှေးညင်းပေါက်တွေ မပိတ်အောင် ကာကွယ်ပေးပြီး ဝက်ခြံတွေကို သက်သာစေတာပါ။
4. Vitamin C
ဝက်ခြံရှိနေရင် vitamin C ပါတာ မသုံးသင့်ဘူးလို့ ပြောလေ့ရှိကြပါတယ်။ Vitamin C ဟာ antioxidants ဖြစ်ပြီး ရောင်ရမ်းတာတွေကို သက်သာစေတဲ့ အာနိသင်ရှိလို့ ဝက်ခြံအတွက် အသုံးဝင်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်နဲ့ အမဲစက်တွေကိုလည်း vitamin C က လျော့ပါးသက်သာစေပါတယ်။
ဝက်ခြံပိုဆိုးတယ်ဆိုလို့ မသုံးရဲဘူး ဖြစ်နေရင် တခြားပါဝင်ပစ္စည်းတွေကို သတိထားကြည့်ပါ (ဝက်ခြံဖြစ်စေတဲ့ တခြားပစ္စည်းကြောင့်လည်း ဖြစ်နိုင်ပါတယ်)။ ခရင်မ်ပုံစံထက် ဂျယ်လ်ပုံစံကိုသာ ရွေးချယ်သုံးပါ။ ပြင်းအားနည်းတာကို ရွေးချယ်ပါ။ Vitamin C ဟာ အလင်းနဲ့တွေ့ရင် အာနိသင်ပြောင်းတတ်လို့ အကြည်ရောင်ပုလင်းတွေ၊ ဘူးတွေနဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းအစား အလင်းမဖောက်နိုင်တဲ့ အရောင်ရင့်ထုတ်ပိုးထားမှုကိုသာ ရွေးချယ်သုံးသင့်ပါတယ်။
5. Sulfur
Sulfur ကလည်း မွှေးညင်းပေါက်ထဲက ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးပါတယိ။ အရေပြားပေါ်က မလိုအပ်တဲ့အဆီတွေကိုလည်း ဖယ်ရှားပေးလို့ ဝက်ခြံကို သက်သာစေပါတယ်။ Sulfur ဟာ ကြက်ဥပုပ်လို အနံမျိုးရှိတတ်လို့အနံ့ကို သဘောမကျတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
6. Adapalene
Adapalene ဆိုတာ retiniod လိမ်းဆေးတစ်မျိုးပါပဲ။ ဝက်ခြံဖြစ်ခြင်းကို တားဆီးပေးပြီး မွှေးညင်းပေါက်တွေကို သန့်ရှင်းပေးပါတယ်။ အိုမင်းရင့်ရော်တဲ့ အသားအရေကို ပြန်လည်နုပျိုဖို့အတွက်လည်း သုံးကြပါတယ်။ 0.1% အောက် ပြငးအားဆိုရင် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သုံးလို့ရပြီး ဂျယ်လ်၊ ခရင်မ်နဲ့ လိုးရှင်းပုံစံအနေနဲ့ တွေ့ရတတ်ပါတယ်။
7. Azelaic acid
Azelaic acid က ဘက်တီးရီးယားသေစေပြီး ရောင်ရမ်းတာတွေ လျှော့ချပေးပါတယ်။ မွှေးညင်းပေါက်တွေကို ပိတ်စေတဲ့ keratin လို့ခေါ်တဲ့ ပရိုတင်း ထုတ်လုပ်မှုကိုလည်း တားဆီးပေးပါတယ်။
8. Tea tree oil
Tea tree oil ဆိုတဲ့ လက်ဖက်ဆီကလည်း ဝက်ခြံအတွက် ကောင်းတဲ့ပစ္စည်းဖြစ်ပြီး benzyol peroxide နဲ့ တွဲဖက်အသုံးပြုတတ်ကြပါတယ်။ လက်ဖက်ဆီက အာနိသင်ရဖို့တော့ တခြားပစ္စည်းတွေထက် ကြာတတ်ပါတယ်။
ဒါတွေကတော့ ဝက်ခြံအတွက် ရွေးချယ်သင်တဲ့ ပါဝင်ပစ္စည်းတွေပါ။
ရှောင်သင့်တာတွေက…
- Cocoa butter
- Lanolin
- Mineral oil
- Paraffin
- Petroleum jelly
Silicone derivatives စတာတွေပါဝင်ရင် ဝက်ခြံအတွက် ရှောင်သင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်